ဆော်လမွန်မဇ္ဈိမသတင်း ၁ဝ အောက်တိုဘာ ၂ဝဝ၈။
နယူးဒေလီ။ ။ သူမအား အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခြင်းအပေါ် သက်တမ်းတိုးခဲ့ခြင်းကို မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရထံ အယူခံ တင်သွင်းခဲ့ပါသည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားခြင်းအား ဥပဒေကြောင်းအရ ပြန်လည် သုံးသပ် စိစစ်ပေးပါရန်
အယူခံလွှာကို နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်နှင့် သူမ၏ မိသားစုရှေ့နေ ဦးကြည်ဝင်းတို့ ပူးတွဲ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ဦးကြည်ဝင်း၏ လက်ထောက်ရှေ့နေ ဦးလှမျိုးမြင့်က အဆိုပါ အယူခံလွှာကို မြန်မာအစိုးရ၏ တောတွင်းမြို့တော်သစ် နေပြည်တော်သို့ သွားရောက် တင်သွင်းခဲ့ပါသည်။
"အယူခံကို အစိုးရဝန်ကြီးအဖွဲ့ထံ တင်သွင်းလိုက်ပါပြီ" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသွားခဲ့ပါသည်။
NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၈ နှစ်အတွင်း ၁၂ နှစ်ကျော် ပုံစံတမျိုးမျိုးဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ မြန်မာနိုင်ငံမြောက်ပိုင်း ဒီပဲယင်းမြို့သို့ နိုင်ငံရေး စည်းရုံးရေး ခရီးစဉ်သွားစဉ် သူမ၏ မော်တော်ကားတန်းကို စစ်အစိုးရ လိုလားသော လူအုပ်၏ တိုက်ခိုက်ခြင်း ခံခဲ့ရအပြီး၊ ၂ဝဝ၃ ခုနှစ်မေလကတဲက နောက်ဆုံး အကြိမ် အထိန်းသိမ်းခံနေရသည်။
သူမအားတဆက်တည်း ၅ နှစ်ချုပ်နှောင်ထားခြင်းမှာ ၂ဝဝ၈ ခုနှစ် မေလက ကုန်ဆုံးသွားခဲ့ပြီး ဖြစ်သည်။ သူမ၏ပါတီ ဝင်များနှင့် သူမ၏ ပုဂ္ဂိုလ်ရေး ရှေ့နေတို့ အပြောအရ မြန်မာနိုင်ငံ၏ဥပဒေအရ အများဆုံး တဆက်တည်း ၅ နှစ်သာ ထိန်း သိမ်းထားနိုင်ခွင့် ရှိသည်ဟု ဆိုပါသည်။ စစ်အစိုးရသည် ကိုယ့်ဥပဒေကိုကိုယ် ပြန်ချိုးဖောက်လျက် ရှိသည်ဟု သူတို့က တိုက်ခိုက် ပြောဆိုကြပါသည်။သို့သော် စစ်အစိုးရကမူ သူတို့၏ ဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အများဆုံး ၆ နှစ်အထိ ချုပ်နှောင်ထားနိုင်သည်ဟု ဆိုကာ သူမအား ထိန်းသိမ်းထားခြင်းကို မေလက ထပ်မံ သက်တမ်း တိုးမြှင့်ခဲ့သည်။
"သူတို့ (အစိုးရ) က အယူခံလွှာကို လက်ခံထားလိုက်ပြီး၊ လက်ခံ ရရှိကြောင်း ဖြတ်ပိုင်းကိုလဲ လက်မှတ်ရေးထိုး ထုတ်ပေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အခု အစိုးရထံမှ တုံ့ပြန်လာမှုကို စောင့်ဆိုင်းနေကြပါတယ်" ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။
"ဥပဒေနဲ့အညီသာ တရားမျှတစွာ စစ်ဆေး စီရင်မယ်ဆိုရင် သူမ လွတ်လာလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်၊ သူတို့ (အစိုးရ) က ဥပဒေကို လေးစား လိုက်နာလိမ့်မယ်လို့လဲ ကျနော်တို့ မျှော်လင့်ပါတယ်" ဟု ဦးဥာဏ်ဝင်းက ဆက်လက် ပြောကြားသွားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး၊ သူမ၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းနှင့် မျက်စိအထူးကုဆရာဝန်တို့ သူမကို လွန်ခဲ့သော ရက်သတ္တပတ်က သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ကြသည်ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။
Friday, October 10, 2008
နေအိမ်အကျယ်ချုပ်အပေါ် ဒေါ်အောင်ဆန်းစုကြည် အယူခံတင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment