ဇာနည်
မဇျွိမသတင်းဌာန
အောက်တိုဘာ (၁၀) ရက်၊ ၂၀၀၈
ချင်းမိုင်။ ။နယူးဇီလန်နိုင်ငံရှိ လက်ဝဲဝါဒီ ပါတီတခုဖြစ်သည့် "မဟာမိတ်"ပါတီက မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ် လက်ခံထားသည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)နှင့် ပြုလုပ်ထားသောလွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်ကို ရပ်ဆိုင်းလိုက်ရန် အစီုးရအား သောကြာနေ့က ထပ်မံ တောင်းဆိုလိုက်သည်။
"မဟာမိတ်" ပါတီက အာဆီယံနှင့် လွတ်လပ်စွာကုန်သွယ်မှု ဆက်လက်ပြုလုပ်နေခြင်းသည် အလုပ်သမားများ၏အခွင့်အရေးကို နှစ်ရှည်လများ ဖိနှိပ်ထားခဲ့သည့် မြန်မာစစ်အစိုးရ အုပ်စိုးမှု သက်ဆိုးရှည်အောင် အခွင့်အရေး ပေးနေသလို ဖြစ်နေလိမ့်မည်ဟု ပြောကြားသွားသည်။
" မြန်မာပြည်မှာ လူ့အခွင့်အရေးအကြောင်းကို ပြောဆိုနိုင်မယ့် ဒီမိုကရက်တစ်အစိုးရတခု မပေါ်ပေါက်လာသေးသ၍ မြန်မာပြည်နဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့် ပြုလုပ်သင့်တယ်လို့ ကျနော်တို့ မထင်ပါဘူး။ ဒီလိုပြုမူခြင်းဟာ မြန်မာပြည်အတွက်ရော နယူးဇီလန်အတွက်ပါ မကောင်းဘူးလို့ ကျနော်တို့ယုံကြည်ပါတယ်။" ဟု "မဟာမိတ်" ပါတီ ကုန်သွယ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ "ဗစ်တာဘေးလော့(တ်)" က ပြောသည်။
အပြည်ပြည်ဆိုင်ရာပို့ဆောင်ရေးလုပ်သားများအဖွဲ့က လုပ်ငန်းခွင်များမှ မြန်မာအလုပ်သမားများ၏ ဆိုးဝါးကြေကွဲဖွယ် အခြေအနေများကို မှတ်တမ်းတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ မှတ်တမ်းရုပ်ရှင်အသစ်ကို ထုတ်လုပ် တင်ဆက်လိုက်သည့် အချိန်တွင် "မဟာမိတ်" အဖွဲ့က ထိုသို့ ထပ်မံ၍ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
"မှတ်တမ်းတင် ရှပ်ရုင်ကားဟာ နယူးဇီလန်အစိုးရက လွတ်လပ်စွာကုန်သွယ်မှု လုပ်နေတဲ့ မြန်မာစစ်အုပ်စုရဲ့ ကြောက်မက်ဖွယ်ရာ ရက်စက်မှုတွေကို ဖော်ပြထားတာဖြစ်တယ်။" ဟု "ဘေးလော့(တ်)က ပြောသည်။
"အဲဒီ ကိစ္စဟာ နယူးဇီလန်နိုင်ငံသား တော်တော်များများ သိထားတာထက် (မြန်မာအလုပ်သမားတွေရဲ့) နေရပ်ရင်း အကြောင်း နီးနီးစပ်စပ် ပိုသိမြင်စေခဲ့ပါတယ်။" ဟု သောကြာနေ့ကထုတ်သော ထုတ်ပြန်ကြေညာချက်ထဲတွင် "ဘေးလော့(တ်)"က ပြောကြားထားသည်။
နယူးဇီလန်၏ မကြာသေးခင်ကကြေညာထားသော မြန်မာနိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့နှင့် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်သည် နယူးဇီလန်အား မြန်မာနိင်ငံနှင့်ပူးပေါင်း၍ မတရားကြံစည်လုပ်ဆောင်သူအဖြစ်ကို ရောက်ရှိစေလိမ့်မည်ဟု "ဘေးလော့(တ်)" ကပြောကြားသည်။
မကြာသေးခင်နှစ်များက နယူးဇီလန်ရေပိုင်နက်တွင် မြန်မာသင်္ဘောသားများနှင့် ငါးဖမ်းသမားများအား လွဲမှားစွာ ပြုမူမှုကဲ့သို့သော အဖြစ်အပျက်များ ရှိခဲ့ဖူးပြီး အချို့ကိစ္စများတွင် သင်္ဘော ပေါ်မှခုန်ဆင်းမှုများပင် ရှိခဲ့သည်ဟုသူကထောက် ပြခဲ့သည်။
"ဒီလွတ်လပ်စွာ ကုန်သွယ်မှုဟာ မြန်မာလုပ်သားတွေကို အထောက်အကူဖြစ်စေမှာ မဟုတ်ဘူး။ အကျိုးမဲ့ပဲ ဖြစ်မှာ။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အလုပ်သမားဦးရေတွေသာ တိုးပွားလာစေမှာ" ဟုသူကထပ်မံပြောကြားသည်။
Friday, October 10, 2008
အာဆီယံနှင့် လွတ်လပ်စွာ ကုန်သွယ်မှုရပ်ဆိုင်းရန် နယူးဇီလန် တိုက်တွန်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment