Saturday, October 11, 2008

အကျဉ်းစံ သံဃာတော် ဦးဂမ္ဘီရ ကျန်းမာရေးဆိုးရွား

ဖနိဒါ (မဇ္ဈိသတင်းဌာန)

အောက်တိုဘာလ ၁၁ ရက်၊ ၂၀၀၈ ခုနှစ်။

ချင်းမိုင်။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစု ဦးဆောင် ဆရာတော်တပါးဖြစ်သူ အရှင် ဂန္ဘီရသည် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရစဉ်အတွင်း ဦးနှောက်နှင့် အာရုံကြော အခြေအနေ ဆိုးရွားနေသည်။

ဆရာတော်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ဆန္ဒပြသဖြင့် အာဏာပိုင်များက လိုက်လံဖမ်းဆီးသောကြောင့် တိမ်းရှောင်ပုန်းအောင်းနေစဉ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယခုအခါ ပြစ်မှုပေါင်း ၁၆ မှုဖြင့် တရားစွဲဆိုခံနေရသည်။

အရှင်ဂမ္ဘီရသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ (အိန္ဒိယ) မှ ချီးမြှင့်သော ဆရာတော် ဦးရေဝတ အမှတ်တရ ငြိမ်းချမ်းရေးဆုနှင့် လန်ဒန်အခြေစိုက် Index on Censorship အဖွဲ့ကြီးက ချီးမြှင့်သော "လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆု ၂ဝဝ၈" တို့ကို ရရှိထားသူလည်း ဖြစ်သည်။

ဆရာတော်၏ လက်ရှိ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး ယနေ့တွင် ထောင်ဝင်စာ သွားတွေ့ခဲ့သည့် အမဖြစ်သူ မခင်သူဌေးအား မဇ္ဈိမသတင်းထောက် ဖနိဒါက ဆက်သွယ်မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။

မေး။ အမရေ၊ ဦးဇင်းရဲ့ ကျန်းမာရေးအခြေအနေကို ဘယ်လိုကြားမိလဲရှင့်။

ဖြေ။ တော်တော်လေး ဆိုးနေတယ်။ ဦးဇင်းကို ထောင်ဝင်စာတွေ့တဲ့ ဧည့်ခန်းကို ခေါ်ခဲ့တယ်။ ဒီနေ့မနက် ၁၅ မိနစ်ပဲ တွေ့ခွင့်ရတယ်။ ဆေးရုံကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းကနေ တက်နေရတယ်။

မေး။ ဘာဖြစ်နေတယ်ဆိုတာရော အသေးစိတ် သိနိုင်မလားရှင့်။

ဖြေ။ ဆေးရုံမှာ လိုက်ပြီး တွေ့သင့်တာ။ တခုခုကို မေးလိုက်ရင် ဘာမှ စဉ်းစားလို့မရ ဖြစ်နေတာ။ စိတ်ပိုင်းဆိုင်ရာ ဖြစ်နေတဲ့ ပုံစံ ဖြစ်နေတယ်။ ဦးနှောက်နဲ့ အာရုံကြော ဆရာဝန်နဲ့ ပြဖို့လိုမယ်နဲ့ တူတယ်။ ဆေးတော့ သွင်းပေးတယ်လို့တော့ ပြောတယ်။ နေမကောင်းနေတဲ့ သူ့ကို ခင်ဗျာ့အမ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောတယ်လေ။ ဖြစ်တာက ဖျားကတည်းကနေ စဖြစ်တာပဲ။

မေး။ အမ ကရော ဦးဇင်းရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသုံးသပ်မိလဲရှင့်။

ဖြေ။ အင်းစိန် ဆေးရုံမှာပဲ။ သူတို့က အမနဲ့ ပတ်သက်ပြီး ဖိအားတွေ ပေးနေကြတာကိုး။ အမကို ဘာလုပ်မယ်၊ ညာလုပ်မယ်လို့ လုပ်ကြတာကိုး။ သူက အဲဒါတွေ စိတ်ဆင်းရဲနေတာ။ စိုးရိမ်နေရတာ။

မေး။ ဦးဇင်းကို ကြာသာပတေးနေ့ ရုံးထုတ်တဲ့အခါရော တရားရုံး ထွက်လာနိုင်ခဲ့လား။

ဖြေ။ ဆေးရုံကနေ ထွက်လာနိုင်တယ်။ မျက်နှာတွေ ချောင်ကျသွားတယ်။ မျက်နှာညှိုး နေတယ်။ တော်တော် ခံစားနေရရှာတယ်။

မေး။ ဦးဇင်းက ဘာတွေများ ပြောဖြစ်လဲ။

ဖြေ။ ဦးဇင်းက ပြောတယ်။ ''မမကြီးတဲ့ ကျုပ်ကို ဖိအားတွေ ပေးနေတယ်။ နိုင်ငံရေး မလုပ်ပါနဲ့'' တဲ့။ ''တပည့်တော် အရမ်းလည်း မလုပ်ပါဘူး'' လို့။ ''ဖြစ်နိုင်ရင် မကွေးတိုင်း ပေါက်အိမ်ကို နေပေးပါ'' တဲ့။ အဲလိုထိတောင် ပြောနေတာ။ တခြား သူ့ကို ဘယ်လောက်ထိ ဖိအားပေးနေလဲတော့ မသိဘူးပေါ့။

မေး။ ရုံးထုတ်တဲ့အခါ မိသားစု နားထောင်ခွင့်ရလား။

ဖြေ။ ဦးဇင်းနဲ့ ရှေ့နေတွေနဲ့တော့ တွေ့ခွင့်ရတယ်။ အမတို့ မိသားစုတွေနဲ့တော့ တွေ့ခွင့် မရသေးဘူး။

မေး။ ထောင်အာဏာပိုင်တွေကိုရော ဆရာဝန်နဲ့ ပြသခွင့်ရဖို့ တောင်းဆိုထားလားရှင့်။

ဖြေ။ မနက်ဖြန်မှ အာရုံကြောဆရာဝန်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုမလို့။ မိသားစုနဲ့ စောင့်ရှောက်ခွင့် ရချင်တယ်။

မေး။ အမ အမျိုးသားနဲ့ မောင်လေးတွေရဲ့ အခြေအနေရော ဘယ်လို ရှိလဲ။

ဖြေ။ အမ အမျိုးသားနဲ့ မောင်လေးတို့လည်း မနေ့က အင်းစိန်ထောင်မှာ ရောက်လာပြီလေ။ ၆ တိုက်၊ ၆ ခန်းမှာ ထားတယ်တဲ့။ တနေ့က မြောက်ဒဂုံ တရားရုံးထုတ်တယ်။ ရမန်ပဲ ပေးလိုက်တယ်။ လာမယ့် ၂၀ ရက်နေ့ ပြန်ချိန်းတယ်။ သူတို့ကို ဥပဒေ ပုဒ်မ ၁၃ ̸ ၁ နဲ့ဆိုလား တရားစွဲထားတယ်။ နောက်ပြီးတော့ သူတို့ကို မနေ့က ရာဇ၀တ်မှုတွေနဲ့ရောပြီး ကြပ်သိပ်နေတဲ့ ကားနဲ့ ခေါ်လာတာတွေ့တော့ အမက စိတ်မချမ်းသာဘူး။ Taxi ငှားပေးမယ် ပြောတာတောင် မရဘူး။

မေး။ သူတို့အားလုံး ဘယ်နှစ်ယောက်လဲ။

ဖြေ။ မနေ့က တွေ့ဖြစ်တယ်။ အမျိုးသားနဲ့ မောင်လေးက တတွဲ။ ၄ ယောက်တတွဲ။ တယောက်က ဘားလမ်းအချုပ်ခန်းထဲမှာပဲ ရှိသေးတယ်။ အားလုံးပေါင်း ၇ ယောက်။

မေး။ သူတို့တတွေ နှိပ်စက်ခံရတယ် ဆိုတာကရော ဘယ်လိုကြားမိလဲရှင့်။

ဖြေ။ ဟုတ်ပါတယ်။ အမျိုးသားဆို မနေ့က တွေ့တော့ ရင်ဘတ် အောင့်နေတယ်တဲ့။ ကျန်းကျန်းမာမာတော့ ရှိပါတယ်။ ပိန်သွားတယ်။ မောင်လေးကိုတော့ သိပ်မခံရဘူးလို့ ပြောတယ်လေ။

မေး။ အမအနေနဲ့ ဦးဇင်းနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်သေးလဲ။

ဖြေ။ ဦးဇင်းကို အမ တအား စိတ်ပူနေတယ်။ လိုအပ်တာတွေ လုပ်ပေးချင်တယ်။ ဦးနှောက်နဲ့ အာရုံကြောဆရာဝန်ကိုလည်း ပြသင့်တယ်လို့ ထင်တယ်။ အဲဒါကိုလည်း ပြချင်တယ်။ နောက်ပြီးတော့ ကိုယ်ကိုယ်တိုင် တွေ့ခွင့် မပေးရင်တောင်မှ အထဲမှာ အကိုတွေ မောင်လေးတွေနဲ့ အမျိုးသား ရှိတော့ ဦးဇင်းကို ပြုစုခွင့် ရချင်တယ်။ မနက်ဖြန်ဆိုလည်း အကိုကြီးကို သွားတွေ့မယ်။ ဒီနေ့ မတွေ့ခဲ့ရဘူး။ မနက်ဖြန်တော့ အမျိုးသားနဲ့ မောင်လေးတို့ကို သွားတွေ့ဖြစ်မယ်။

မေး။ အမရဲ့ မိသားစုတွေကို အခုလို ချုပ်နှောင်ထားတဲ့အပေါ် ဘာများ ထပ်ပြောချင်သေးလဲရှင့်။

ဖြေ။ စိတ်မကောင်းဘူး။ မြန်မာနိုင်ငံရဲ့ တရားဥပဒေဟာ သူတို့ လုပ်ချင်တိုင်း လုပ်နေတာလေ။ ဥပဒေမှ မရှိတာ။ ဦးဇင်းတို့မှ မဟုတ်ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမြန်လွှတ်စေချင်တယ်။ မြန်မာပြည်ကို အမြန် အပြောင်းအလဲ ရှိစေချင်တယ်။ ငြိမ်းချမ်းရေး ရစေချင်တယ်။ ပင်ပန်းပေမယ့် စိတ်ဓာတ် မကျဘူး။ အားတင်းထားတယ်။

Read More...

Friday, October 10, 2008

နို့ထွက်ပစ္စည်း ၉ မျိုးကို မသန့်ရှင်းသော ပစ္စည်းများအဖြစ် စစ်အစိုးရက သတ်မှတ်ဖေါ်ပြ

သဲသဲနှင့်မုံပီး (မဇ္ဈိမသတင်း)
၁ဝ အောက်တိုဘာ ၂ဝဝ၈။

နယူးဒေလီ – မြန်မာနိုင်ငံ ဈေးကွက်အတွင်း ရောင်းချနေသော နို့မှုံ့များကို စစ်ဆေးခဲ့ရာ တံဆိပ် ၉ မျိုးတွင် စက်မှု လုပ်ငန်းသုံး မဲလမင်း ဓါတ်ပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် ဤအမှတ်တံဆိပ်များကို သုံးစွဲခြင်း မပြုဘဲ ရှောင်ရှားကြရန် ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်အစိုးရက သောကြာနေ့က ကြေငြာလိုက်သည်။

နို့မှုံ့တံဆိပ် ၁၆ မျိုးကို စစ်ဆေးခဲ့ရာ တံဆိပ် ၉ မျိုးတွင် မဲလင်းဓါတ်များပါကြောင်း စစ်ဆေး တွေ့ရှိခဲ့ရသည်ဟု သောကြာနေ့ထုတ် စစ်အစိုးရ၏အာဘော် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြထားသည်။

ထို့သို့ မသန့်ရှင်းကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည့် တံဆိပ်များမှ Star Milk Powder (20 gm), Crown, Happy Baby Toys, Dulac (Dumex) step 1(INFANT FORMULA), Star (450 gm), Mandalay-Raw Milk Powder, Whole Sweet Milk Powder (Two Cows Shi Lin), RAIN BOW Milk Powder, နှင့် Enfagrow Milk Powder တို့ ဖြစ်ကြပါသည်။

မဲလမင်းဓါတ် ပါဝင်ပြီး မသန့်ရှင်းသည့် မြန်မာနိုင်ငံထုတ် နို့မှုံ့ ၄၆ဝ၂၅ ကီလိုဂရမ်ကိုလည်း သိမ်းဆည်းခဲ့ပြီး၊ ဖျက်ဆီးခဲ့သည်ဟု စစ်အစိုးရက သတင်းစာက ရေးသားထားသည်။

"ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကုမ္ပဏီပေါင်း ၈ ခုက တင်သွင်း ရောင်းချနေသည့် အခြား နို့မှုံ့တံဆိပ် ၈ မျိုးကိုလည်း စစ်ဆေးနေကြောင်း၊ ဤသို့ စိတ်ချလုံခြုံမှုအတွက် စစ်ဆေးမှုများ ဆောင်ရွက်နေစဉ်အတွင်း အခြား နို့မှုံ့များ တင်သွင်းခြင်းကိုလည်း ယာယီရပ်ဆိုင်းထားကြောင်း" ဖြင့် သတင်းစာက ရေးသားထားပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ခံ မြန်မာ့ဆေးဝါးလုပ်ငန်း၊ မြန်မာ့ဆေးဝါးစက်ရုံ (ရန်ကုန်)၊ ဆေးဝါးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန တို့က နိုင်ငံခြားမှ တင်သွင်းလာသော နို့မှုံ့ ၁၆ မျိုးကို စစ်ဆေးခဲ့ပြီးဖြစ်ပြီး၊ ယင်းတို့အနက် ၉ မျိုးမှာ မဲလမင်း ဓါတ်ပစ္စည်းများ ပါဝင်နေကြောင်း တွေ့ရှိခဲ့ရသည်ဟု သတင်းစာတွင် ဖေါ်ပြထားသည်။

စစ်အစိုးရ၏ ဤကြေငြာချက်သည် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်ကုမ္ပဏီများက ထုတ်လုပ်သော မသန့်ရှင်းသည့် နို့မှုံ့များကို မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ ၅ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ဝန်ခံကြေငြာခဲ့အပြီး တလနီးပါး အကြာတွင်မှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

သို့ရာတွင် ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် မူကြိုကျောင်းတခု၏ ပိုင်ရှင်ကမူ ဤကြေငြာချက်မှာ အလွန်နောက်ကျကြောင်း၊ စားသုံးသူများမှာ ဤအကြောင်း သိသူနည်းပြီး၊ ဤမသန့်ရှင်းသော နို့မှုံ့များမှာ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး ဖြစ်နေကြောင်း ပြောကြားသွားပါသည်။

"လူတွေက သိတာ သိပ်မဟုတ်လို့ ကျနော်တို့ စိုးရိမ်မိပါတယ်။ ဒါကြောင့် ကလေးတွေနဲ့လူကြီးတွေ ဒီမသန့်ရှင်းတဲ့ နို့မှုံ့တွေ သောက်မိပြီးသား ဖြစ်နေနိုင်စရာ ရှိပါတယ်" ဟု အသက် ၂ နှစ်မှ ၅ နှစ်အကြား ကလေးများကို ထိန်းကျောင်းနေရသော အဆိုပါ မူကြိုကျောင်းပိုင်ရှင်က ပြောပါသည်။

"အဆိုးဆုံးကတော့ ဒီကလေးတွေ နေထိုင်မကောင်း ဖြစ်ကြရင်တောင် ဆရာဝန်တွေက ဒီမသန့်ရှင်းတဲ့ နို့တွေ သောက်မိလို့လို့ ထင်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဒီမှာက စမ်းသပ်စစ်ဆေးတာ ကောင်းကောင်းမွန်မွန် ရှိတာမဟုတ်ဘူး" ဟု သူက ဆက်လက်ပြောကြားခဲ့ပါသည်။

သို့သော် လွန်ခဲ့သော စက်တင်ဘာ နောက်ဆုံးအပတ်က ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောကြားရာတွင် သူတို့အနေဖြင့် တနိုင်ငံလုံးရှိ အဓိက ကလေးဆေးရုံကြီးများကို စောင့်ကြည့်နေကြောင်း၊ ယခုထိ အဆိုပါ မသန့်ရှင်းသော နို့မှုံ့များ သောက်သုံးမိ၍ ဆေးရုံရောက်လာသည့် သတင်းများ မကြားသိရသေးကြောင်း ပြောသွားပါသည်။

ထိုအတောအတွင်း စတားနို့မှုံ့ ထုတ်လုပ်နေသော မြန်မာဂိုးလ်ဒင်းစတား ကုမ္ပဏီကိုလည်း မသန့်ရှင်းသော နို့မှုံ့ထုတ် လုပ်နေသော ကုမ္ပဏီအဖြစ် စစ်အစိုးရက သတ်မှတ် ကြေငြာလိုက်ပါသည်။ ဤသတင်းအတွက် သူတို့အနေဖြင့် အံ့သြမိကြောင်း၊ သူတို့ ကုမ္ပဏီမှ ထုတ်လုပ်သော နို့မှုံ့တံဆိပ် ၃ မျိုးအနက် ၂ မျိုးကိုသာ မသန့်ရှင်းသော နို့မှုံ့အဖြစ် သတ်မှတ်ခံရပြီး ကျန်တမျိုးကိုမူ သတ်မှတ်ခြင်း မပြုခဲ့ကြောင်း ပြောပါသည်။

"ဒါသိပ်ကို ထူးဆန်းနေပါတယ်" ဟု MGS ကုမ္ပဏီ၏ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောကြားသွားပါသည်။

ဤကြေငြာချက်ကြောင့် ကုမ္ပဏီအတွက် ပို၍ အထူးအဆန်း ဖြစ်ရသည်မှာ သူတို့ ကုမ္ပဏီအတွက် ကုန်ကြမ်းပစ္စည်းများမှာ တရုတ်ပြည်က တင်သွင်းခြင်း မဟုတ်ဘဲ နယူးဇီလန်မှ တင်သွင်းခြင်း ဖြစ်ကြောင်း သူက ဆက်၍ ပြောပြပါသည်။

သောကြာနေ့ထုတ် အစိုးရသတင်းစာတွင် စတားကုမ္ပဏီ၏ ၂ဝ ဂရမ်နှင့် ၄၅ဝ ဂရမ် အထုပ်များတွင် မဲလမင်း ဓါတ်များ တွေ့ရှိရပြီး ဂရမ် ၂ဝဝ အထုပ်များတွင်မူ မတွေ့ရှိရကြောင်း ရေးသားထားပါသည်။

အာဏာပိုင်များထံမှ မည်သည့် အကြောင်းကြားစာမှ မရရှိသေးသည့်အတွက် ဈေးကွက်အတွင်းမှ သူတို့ကုန်စည်များကို ပြန်လည် ရုပ်သိမ်းခြင်း မရှိသေးကြောင်း MGS ကုမ္ပဏီ၏ တာဝန်ရှိသူက နောက်ထပ် ပြောကြားခဲ့ပါသည်။ သို့သော် ကုမ္ပဏီအနေဖြင့် ဘာဆက်လုပ်ရမည် ဆိုသည်ကို ယနေ့ ကျင်းပမည့် အစည်းအဝေးတွင် ဆုံးဖြတ်မည်ဟု ဆိုပါသည်။

အလားတူပင် ရန်ကုန်စံပြ ဈေးခေါင်းကလည်း သူတို့ ဈေးကော်မတီ အနေဖြင့် ဤမသန့်ရှင်းသော နို့ထွက်ပစ္စည်းများကို သိမ်းဆည်းရန် မည်သည့် အကြောင်းကြားစာမှ မရရှိသေးသည့်အတွက် ဤကဲ့သို့ နို့မှုံ့အများအပြား အထူးသဖြင့် ရိန်းဘိုးတံဆိပ်များ ဈေးထဲတွင် ရောင်းနေသည်ကို တွေ့နေရသေးကြောင်း ပြောပါသည်။

"ခါတိုင်းတော့ အစိုးရက ဒီလို ကြေငြာချက်တွေ သတင်းစာထဲပါလာရင် ဒီပစ္စည်းတွေကို သိမ်းဘို့နဲ့ ဈေးထဲမှာ မရောင်းဘို့ အမိန့်ပေးတတ်တယ်။ ဒါပေမဲ့ ဒီတခါတော့ ဘာအကြောင်းကြားစာမှ မရသေးဘူး၊ ဒီပစ္စည်းတွေက ဈေးထဲမှာ ဆက်ရောင်းနေတာကို တွေ့နေရတုံးဘဲ" ဟု ဈေးခေါင်းက မဇ္ဈိမကို ပြောပါသည်။

ကျန်မာရေးဝန်ကြီးဌာနကို မဇ္ဈိမက ဆက်သွယ် မေးမြန်းရာတွင် ထင်မြင်ချက် တစုံတရာပေးရန် ငြင်းဆန်ခဲ့ပြီး၊ ဤကိစ္စမှာ အစားအစာနှင့် ဆေးဝါးအာဏာပိုင် (FDA) ကသာ လုံးဝ ကိုင်တွယ် ဆောင်ရွက်နေကြောင်း ပြောပါသည်။ သို့သော် ရန်ကုန် FDA ရုံးမှ တာဝန်ရှိသူ တဦးဖြစ်သူက ပြောကြားရာတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်လင်းမှာ လောလောဆယ် ရုံးတွင်မရှိဘဲ ခရီးထွက်နေကြောင်း ပြောပါသည်။

Read More...

အာဆီယံနှင့် လွတ်လပ်စွာ ကုန်သွယ်မှုရပ်ဆိုင်းရန် နယူးဇီလန် တိုက်တွန်း

ဇာနည်
မဇျွိမသတင်းဌာန
အောက်တိုဘာ (၁၀) ရက်၊ ၂၀၀၈

ချင်းမိုင်။ ။နယူးဇီလန်နိုင်ငံရှိ လက်ဝဲဝါဒီ ပါတီတခုဖြစ်သည့် "မဟာမိတ်"ပါတီက မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ် လက်ခံထားသည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)နှင့် ပြုလုပ်ထားသောလွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်ကို ရပ်ဆိုင်းလိုက်ရန် အစီုးရအား သောကြာနေ့က ထပ်မံ တောင်းဆိုလိုက်သည်။

"မဟာမိတ်" ပါတီက အာဆီယံနှင့် လွတ်လပ်စွာကုန်သွယ်မှု ဆက်လက်ပြုလုပ်နေခြင်းသည် အလုပ်သမားများ၏အခွင့်အရေးကို နှစ်ရှည်လများ ဖိနှိပ်ထားခဲ့သည့် မြန်မာစစ်အစိုးရ အုပ်စိုးမှု သက်ဆိုးရှည်အောင် အခွင့်အရေး ပေးနေသလို ဖြစ်နေလိမ့်မည်ဟု ပြောကြားသွားသည်။

" မြန်မာပြည်မှာ လူ့အခွင့်အရေးအကြောင်းကို ပြောဆိုနိုင်မယ့် ဒီမိုကရက်တစ်အစိုးရတခု မပေါ်ပေါက်လာသေးသ၍ မြန်မာပြည်နဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့် ပြုလုပ်သင့်တယ်လို့ ကျနော်တို့ မထင်ပါဘူး။ ဒီလိုပြုမူခြင်းဟာ မြန်မာပြည်အတွက်ရော နယူးဇီလန်အတွက်ပါ မကောင်းဘူးလို့ ကျနော်တို့ယုံကြည်ပါတယ်။" ဟု "မဟာမိတ်" ပါတီ ကုန်သွယ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ "ဗစ်တာဘေးလော့(တ်)" က ပြောသည်။

အပြည်ပြည်ဆိုင်ရာပို့ဆောင်ရေးလုပ်သားများအဖွဲ့က လုပ်ငန်းခွင်များမှ မြန်မာအလုပ်သမားများ၏ ဆိုးဝါးကြေကွဲဖွယ် အခြေအနေများကို မှတ်တမ်းတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ မှတ်တမ်းရုပ်ရှင်အသစ်ကို ထုတ်လုပ် တင်ဆက်လိုက်သည့် အချိန်တွင် "မဟာမိတ်" အဖွဲ့က ထိုသို့ ထပ်မံ၍ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

"မှတ်တမ်းတင် ရှပ်ရုင်ကားဟာ နယူးဇီလန်အစိုးရက လွတ်လပ်စွာကုန်သွယ်မှု လုပ်နေတဲ့ မြန်မာစစ်အုပ်စုရဲ့ ကြောက်မက်ဖွယ်ရာ ရက်စက်မှုတွေကို ဖော်ပြထားတာဖြစ်တယ်။" ဟု "ဘေးလော့(တ်)က ပြောသည်။

"အဲဒီ ကိစ္စဟာ နယူးဇီလန်နိုင်ငံသား တော်တော်များများ သိထားတာထက် (မြန်မာအလုပ်သမားတွေရဲ့) နေရပ်ရင်း အကြောင်း နီးနီးစပ်စပ် ပိုသိမြင်စေခဲ့ပါတယ်။" ဟု သောကြာနေ့ကထုတ်သော ထုတ်ပြန်ကြေညာချက်ထဲတွင် "ဘေးလော့(တ်)"က ပြောကြားထားသည်။

နယူးဇီလန်၏ မကြာသေးခင်ကကြေညာထားသော မြန်မာနိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့နှင့် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်သည် နယူးဇီလန်အား မြန်မာနိင်ငံနှင့်ပူးပေါင်း၍ မတရားကြံစည်လုပ်ဆောင်သူအဖြစ်ကို ရောက်ရှိစေလိမ့်မည်ဟု "ဘေးလော့(တ်)" ကပြောကြားသည်။

မကြာသေးခင်နှစ်များက နယူးဇီလန်ရေပိုင်နက်တွင် မြန်မာသင်္ဘောသားများနှင့် ငါးဖမ်းသမားများအား လွဲမှားစွာ ပြုမူမှုကဲ့သို့သော အဖြစ်အပျက်များ ရှိခဲ့ဖူးပြီး အချို့ကိစ္စများတွင် သင်္ဘော ပေါ်မှခုန်ဆင်းမှုများပင် ရှိခဲ့သည်ဟုသူကထောက် ပြခဲ့သည်။

"ဒီလွတ်လပ်စွာ ကုန်သွယ်မှုဟာ မြန်မာလုပ်သားတွေကို အထောက်အကူဖြစ်စေမှာ မဟုတ်ဘူး။ အကျိုးမဲ့ပဲ ဖြစ်မှာ။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အလုပ်သမားဦးရေတွေသာ တိုးပွားလာစေမှာ" ဟုသူကထပ်မံပြောကြားသည်။

Read More...

ဟက်ကာများ တိုက်ခိုက်မှုကြောင့် မဇ္ဈိမ ဝက်ဘ်ဆိုက်များ ရပ်ဆိုင်းသွား

မုံပီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁ဝ ရက်၊ ၂ဝဝ၈ ခုနှစ်။

နယူးဒေလီ။ ။ ဟက်ကာများ၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ကြာသပတေးနေ့ ညနေကတည်းက စတင်ကာ ဝဘ်ဆိုဒ် လွှင့်တင်ပေးထားသော ဆာဗာက ပိတ်ထားလိုက်သဖြင့် နယူးဒေလီ အခြေစိုက် လွတ်လပ်သော မာလ်တီမီဒီယာ သတင်းဌာနဖြစ်သော မဇ္ဈိမ၏ ဝဘ်ဆိုဒ်အားလုံး ဖွင့်မရ ဖြစ်သွားခဲ့သည်။

ဟက်ကာများ၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် ဆာဗာပေါ်ရှိ အခြားဝဘ်ဆိုဒ်များပါ အန္တရာယ်ဖြစ် ထိခိုက်မည် စိုးရိမ်သဖြင့် မဇ္ဈိမ၏ ဝဘ်ဆိုဒ်များဖြစ်သော mizzima.com, mizzimaburmese.com, mizzima.tv, mizzimaphoto.com တို့ကို ရပ်ဆိုင်းထားလိုက်ရသည်ဟု ဝဘ်ဆိုဒ် လွှင့်တင်ပေးထားသော ကနေဒါအခြေစိုက် Hostpapa.ca က ပြောသည်။

မဇ္ဈိမ နည်းပညာဝန်ထမ်း၏ အပြောအရ အဆိုပါ ဟက်ကာ၏ တိုက်ခိုက်မှုသည် အလွန်အဆင့်မြင့်ပြီး သေချာပြင်ဆင် ချိန်ကိုက်၍ လုပ်ခြင်းဖြစ်ကြောင်းနှင့် ဟက်ကာ အသုံးပြုသည့် ဖိုင်တွင် ကုဒ်လိုင်းပေါင်း ၄ဝဝဝ ကျော်ပါပြီး၊ နာမည်ကြီး PHP Shell script ကို အသုံးပြုထားသည်ဟု ဆိုသည်။

“ဆာဗာများနှင့် သင့်ဝဘ်ဆိုဒ်ကို ဝင်ရောက် ကြည့်ရှုသူများကို ကာကွယ်နိုင်ရန် ကံဆိုးစွာပင် သင့်ဝဘ်ဆိုဒ် အကောင့်ကို ရပ်ဆိုင်း ထားလိုက်ရပါသည်” ဟု Hostpapa.ca ၏ အရာရှိက မဇ္ဈိမကို အကြောင်းကြားခဲ့သည်။

ဤဟက်ကာ တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် မည်သူရှိနေသလဲ ဆိုသည်ကို ခြေရာခံရန်မှာ နည်းပညာပိုင်းအရ အခက်အခဲများ ရှိဆဲ ဖြစ်သော်လည်း အဓိကတိုက်ခိုက်မှုသည် ရုရှနိုင်ငံမှ စတင်မြစ်ဖျားခံခဲ့ပြီး၊ ဂျာမဏီ၊ ပြင်သစ်နှင့် အိန္ဒိယနိုင်ငံတို့မှ ဟက်ကာများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်ဟု မဇ္ဈိမ၏ နည်းပညာဆိုင်ရာ ဝန်ထမ်းက ပြောသည်။

“ဒီလို အသေအချာ စည်းရုံးပြင်ဆင်ပြီး တိုက်တာမျိုးက တဦးချင်းအနေနဲ့ လုပ်နိုင်တာမျိုး မဟုတ်ပါဘူး။ အဖွဲ့အစည်းတခုခုက ပုံဖျက်ပြီး တိုက်ခိုက်တာပဲ ဖြစ်မှာပါ။ အဖြစ်နိုင်ဆုံးက ဒီကိစ္စရဲ့ နောက်ကွယ်မှာ စစ်အစိုးရပဲ ရှိနေမှာပါ” ဟု မဇ္ဈိမ၏ မန်နေဂျင်းအယ်ဒီတာ ဦးစိန်ဝင်းက ပြောသည်။

အိုင်တီနှင့် ဆက်နွယ်သော နည်းပညာများ သင်ယူနိုင်ရန် ရုရှနှင့် အခြား ကမ္ဘာတဝှမ်းရှိ နိုင်ငံများသို့ ပညာတော်သင်များအဖြစ် စေလွှတ်ထားသည့် မြန်မာစစ်အစိုးရသည် ပြည်တွင်းတွင် မဇ္ဈိမဝဘ်ဆိုဒ်ကို ဝင်ရောက်ကြည့်ရှုခြင်း မပြုနိုင်ရန် ပိတ်ပင်ထားသည်။

စစ်အစိုးရ၏ အင်တာနက် တားဆီးပိတ်ဆို့မှု စနစ်များကို ပရောက်ဇီဆာဗာများ အသုံးပြု၍ မဇ္ဈိမဝဘ်ဆိုဒ်ကို ဝင်ရောက် ကြည့်ရှုနိုင်ကြသော်လည်း၊ ယင်းသို့ ကြည့်ရှုခြင်းကို စစ်အစိုးရက ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားကာ ဖမ်းမိသွားပါက ကြီးမားစွာ အပြစ်ပေးခံရနိုင်သည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းပုံများကို ဖော်ထုတ် တင်ပြနေကြသည့် နိုင်ငံခြား ရေဒီယို အသံလွှင့်ဌာနများနှင့် ပြည်ပ မီဒီယာ အဖွဲ့များကို စစ်အစိုးရက အစဉ်တစိုက် ပြစ်တင် ပြောကြားခဲ့သည်။

၂ဝဝ၇ စက်တင်ဘာ ဆန္ဒပြပွဲများအပြီး နိုင်ငံခြားအသံလွှင့်ဌာနများကို တိုက်ခိုက်သည့် လှုပ်ရှားမှုတရပ် အနေနှင့် စစ်အစိုးရသည် သူတို့၏အာဘော် မြန်မာ့အလင်း သတင်းစာမှနေ၍ ‘တိုင်းပြည်ကို ဖျက်ဆီးရန် ကြံနေသည့် မိုးလုံးပြည့် မုသာဝါဒများ။ ဘီဘီစီ လိမ်နေသည်၊ ဗွီအိုအေညာနေသည်၊ အာအက်ဖ်အေ ရန်လိုနေသည်၊ မလိုသူများ၏ စကားကို နားမယောင်ကြနဲ့’ ဟူသော ကြွေးကြော်သံစာသားကို ထည့်သွင်းကာ ယူကေနိုင်ငံ၏ ဘီဘီစီ အသံလွှင့်ဌာန၊ အမေရိကန်နိုင်ငံ၏ အမေရိကန်အသံ (ဗွီအိုအေ) နှင့် လွတ်လပ်သော အာရှအသံ (အာအက်ဖ်အေ) တို့ကို ရည်ညွှန်းတိုက်ခိုက်ခဲ့သည်။

မဇ္ဈိမ၏ ဝဘ်ဆိုဒ်များ ဟက်ကာများ၏ ပစ်မှတ်ဖြစ်ရသည်မှာ ယခုအကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်။ ဇူလိုင်လအတွင်းကလည်း Distributed Denial of Service (DDoS) နည်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် အလားတူ ရပ်ဆိုင်းသွားခဲ့ရဖူးသည်။ ဤသို့ တိုက်ခိုက်ခံရသည်မှာ မဇ္ဈိမ သတင်းဌာနတခုတည်း မဟုတ်ပါ။

ဇူလိုင်လအတွင်းက အော်စလိုအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည်လည်း အလားတူ DDoS နည်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး၊ စက်တင်ဘာလတွင် DVB သည် အခြား ပြည်ပရောက် မြန်မာမီဒီယာ အဖွဲ့အစည်းများဖြစ်သော ချင်းမိုင်အခြေစိုက် ဧရာဝတီ သတင်းဌာနနှင့် ဘန်ကောက်အခြေစိုက် ခေတ်ပြိုင်ဂျာနယ် (NEJ) တို့သည်လည်း အလားတူ DDoS နည်းဖြင့် ဟက်ကာများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။

စက်တင်ဘာ ဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွဲခြင်းမပြုမီ ၂ ရက်အလို စက်တင်ဘာလ ၂၄ ရက်တွင် အဆိုပါ ဝဘ်ဆိုဒ်များအားလုံး ဝင်ရောက်ကြည့်ရှု၍မရ ဖြစ်သွားခဲ့သည်။

“မဇ္ဈိမဟာ လူထုကို အလုပ်အကျွေး ပြုနေတာပါ။ ဒီလို တိုက်ခိုက်တဲ့ ရာဇဝတ်ကောင်တွေကို နှိမ်နင်းနိုင်အောင် ကျနော်တို့အားလုံး စုပေါင်းပြီး တရားစွဲဆိုတာ (သို့မဟုတ်) နှိမ်နင်းတာ လုပ်သင့်တယ်” ဟု ဦးစိန်ဝင်းက ပြောသည်။

မဇ္ဈိမသတင်းဌာနကို မြန်မာသတင်းစာဆရာများက လည်ပတ် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံနှင့် ဆက်စပ်သော သတင်းများ၊ ပြဿနာများကို အဓိက အာရုံစိုက်တင်ဆက်နေသည့် လွတ်လပ်သည့် မာလ်တီမီဒီယာ သတင်းဌာနတခု ဖြစ်သည်။ သီးခြားဝဘ်ဆိုဒ် ၄ ခုရှိပြီး၊ ယင်းတို့မှာ mizzima.com, mizzimaburmese.com, mizzima.tv နှင့် mizzimaphoto.com တို့ ဖြစ်ကြသည်။

သတင်းအသစ်များကို အချိန်နှင့် တပြေးညီ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့နှင့် တင်ဆက်ပေးနေသည့်အပြင် mizzima.tv ၌လည်း ဗွီဒီယိုသတင်းများကို တင်ဆက်ပေးနေရာ အခြားသတင်းဌာနများက မကြာခဏ ယူငင် အသုံးပြုကြသည်။

မဇ္ဈိမသတင်းဌာနသည် နိုင်ငံတကာ လွတ်လပ်စွာပြောဆိုခွင့် ဖလှယ်ရေး (IFEX) ဟူသော နိုင်ငံတကာမီဒီယာ စောင့်ကြည့်ရေး အဖွဲ့ကြီး၏ အဖွဲ့ဝင် သတင်းဌာနတခုဖြစ်ပြီး၊ ဒေသဆိုင်ရာ မီဒီယာစောင့်ကြည့်ရေး အဖွဲ့ဖြစ်သည့် တောင်အာရှ သတင်းမဟာမိတ်အဖွဲ့ (SEAPA) ၏ လက်တွဲ ဆောင်ရွက်ဘက်လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ပြောဆိုခွင့် ချိုးဖောက်မှုများကို ဆယ်စုနှစ်တခုကျော် မီဒီယာတပ်လှန့်သံများ ထုတ်ပြန်ပေးနိုင်ခဲ့သည်။

မဇ္ဈိမသတင်းဌာန၏ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ ဝဘ်ဆိုဒ်များကို နေ့စဉ် ဆိုဒ်တခုလျှင် ဟစ် ၁ သိန်းကျော် ရှိသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ ဆန္ဒပြပွဲများနှင့် နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်တိုက်ခတ်ချိန်များတွင် နေ့စဉ် ဝဘ်ဆိုဒ် ဟစ်ပေါင်း သန်းဂဏန်းသို့ ခုန်တက်သွားခဲ့သည်။

Read More...

ပညာရေး ဂျာနယ် ၅ စောင် ထုတ်ဝေမှု ရပ်ဆိုင်း

နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁ဝ ရက်၊ ၂ဝဝ၈ ခုနှစ်။
နယူးဒေလီ။ ။ မြန်မာကျောင်းသားများ လက်စွဲသုံးနေသည့် ပညာရေးဆိုင်ရာ စာစဉ်ပါရှိသည့် ဂျာနယ် ၅ စောင်အား ထုတ်လုပ်ဖြန့်ချိမှု ရပ်ဆိုင်းလိုက်သည်။

မူလတန်းအဆင့်မှ အထက်တန်းအဆင့် ကျောင်းသားများအထိ အသုံးပြုနိုင်သည့် ပညာရေးဆိုင်ရာ စာစဉ်များပါရှိသော ဂျာနယ်များဖြစ်သည့် ပန်းတိုင်၊ Educator / Prime / Digital နှင့် အဝေးသင် တက္ကသိုလ် ကျောင်းသားများ အသုံးပြုနေသည့် ငြိမ်းပညာရေးစာစဉ်တို့အား ယခုနှစ် ဇူလိုင်လမှစတင်ကာ ထုတ်လုပ်မှုများ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်မှ ညွှန်ကြားချက်ဖြင့် ပိတ်ခြင်းဖြစ်သည်ဟု ယုံကြည်ရပြီး မည်သည့်အတွက်ကြောင့် ပိတ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ ငြိမ်းပညာရေး စာစဉ်ကလည်း ဖြေကြားရန် ငြင်းဆိုထားသည်။

သူက ဆက်ပြီး "ငြိမ်းချမ်းရေး စာစဉ်ဆိုရင် အတွဲ ၆ မှာ ရပ်သွားတယ်။ Educator က အတွဲ ၈ အထိ၊ Prime နဲ့ Digital ဂျာနယ်ကဆို အတွဲ ၁၁ အထိပဲ ရှိတယ်။ ကျန်တာတွေ မထွက်လာတော့ဘူး။ လူတွေက လာလာမေးနေတယ်" ဟု ကမာရွတ်မြို့နယ် လှည်းတန်းရှိ အလိမ္မာ စာအုပ်ဆိုင်မှ ဝန်ထမ်းတဦးက ပြောသည်။

“စာပေလောက ၅” က တာဝန်ရှိသူကလည်း "ပြတ်သွားတာတော့ ကြာပြီ။ လာလာမေးနေကြတုန်းလေ" ဟု ပြောသည်။

ငြိမ်းပညာရေး စာစဉ်များသည် နားလည်လွယ်ကာ လက်ရှိ ပညာသင်ကြားနေသည့် ကျောင်းသားများကို အထောက်အကူ ဖြစ်စေသည်ဟု နာမည်ကျော်ကြားသည်။

Read More...